ထင်မြင်ချက်ပေးခဲ့ပါ

Friday, April 8, 2011

သင်္ကြန်မှာ ဒုလ္လဘရဟန်း ဝတ်တော့မည် ဆိုလျှင်

သင်္ကြန်ကာလမှာ လူအတော်တော်များပဲ ဒုလ္လဘရဟန်း ဝတ်ကြတယ်။ အမျိုးသမီးတွေလည်း တရားရိပ်သာ ဝင်သူဝင်၊ ဒုလ္လဘ သီလရှင် ဝတ်သူဝတ်ကြနှင့် သာသနာတော်တွင်းကို ကိုယ်တတ်နိုင်သလောက်၊ အချိန် ရသလောက် ဝင်ရောက်တတ်ကြပါတယ်။ တစ်ချို့ဆို စီးပွားရေး လူမှုရေးတွေနှင့် လုံးချာလိုက်နေတဲ့ ကြားက ကြိုးစားပြီးတော့ အချိန်လုကာ ဝတ်ကြရသူတွေလည်း အများကြီးပဲ။ တစ်ချို့ဆို ပြည်ပမှာ အလုပ်လုပ်နေရင်း အချိန်ရခိုက် ကိုယ့်နိုင်ငံပြန်၊ မိဘ ဆွေးမျိုးတွေနှင့်တွေ့၊ တွေ့လို့မှ အားမရသေးမှီ ရသလောက် ရက်ကလေး အတွင်း သာသနာ့ဘောင် ဝင်ချင်တဲ့ သဒ္ဓါတရားကြောင့် ရဟန်းပြုလိုက် သေးတယ်။ ရှင် ရဟန်းအဖြစ်ဟာ ရခဲလှတဲ့ အရာတွေထဲက တစ်ခု (ဗဗ္ဗဇိတဘာဝေါ ဒုလ္လဘော) လို့ ရှင်တော်ဘုရားဟောကြား သတိပေးတော် မူထားတယ် မဟုတ်ပါလား။ သဒ္ဓါတရားလည်းကောင်း ၊ ရည်ရွယ် ချက်ကလည်း ကောင်းနှင့်မို့ သာဓုခေါ် ထိုက်တဲ့ လုပ်ရပ်တစ်ခုပါ။
ဒါပေမဲ့ ဒီနေရာမှာ စေတနာ ဗလဘွ သိနေဟနှင့် သတိပေးချင်တာလေး တစ်ခု ရှိပါတယ်။ အစွဲကင်းကင်း၊ သာစေ နာစေဆိုတဲ့ ရည်ရွယ်ချက် အဖျင်းတွေမပါရှိပဲ ဆွေးနွေးတင်ပြချင်ပါတယ်။ အဲဒါကတော့ ရဟန်းဝတ် တော့မယ်ဆိုရင် ကိုယ့်ဆရာဖြစ်မယ့် ဆရာတော်နှင့် ရဟန်းပြုမည့် ကျောင်းကို အသေအချာ ရွေးဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ များသောအားဖြင့်တော့ လူတော်တော်များများက အဲဒီ ရွေးချယ်မှုကို သိပ်မလုပ် ကြဘူး။ မြန်မာပြည်မှာက နီးရာ သွားပြီး ရဟန်းပြုလိုက်တာမျိုးလည်း ရှိတယ်။ ကိုယ်နှင့် ခင်မင် ရင်းနှီးနေတဲ့ ဆရာတော်မို့ သူ့ကျောင်းမှာပဲ သင်္ကန်းဝတ်လိုက်တယ်။ ဘိုးဘွား မိဘ အစဉ်အဆက် ကိုးကွယ်လာတဲ့ ဘုန်းကြီးမို့ဆိုပြီး သူ့ထံ၊သူ့ကျောင်းမှာပဲ သင်္ကန်းဝတ်လိုက်တတ်ကြတယ်။ ကျုပ်တို့ လူမျိုးက “ပုဂ္ဂိုလ်ခင်လျှင်  တရားမင်”တတ်ကြတယ်လေ။ 

တကယ်တော့
တကယ်တော့ ကိုယ်မှာ အချိန်မရတဲ့အထဲ လုပြီး ရခဲလှတဲ့ ရှင်၊ ရဟန်းအဖြစ်ကို ခဏပဲ ဖြစ်ဦးတော့၊ လိုချင်လှလွန်းလို့ သင်္ကန်းဝတ်ရတာပါ။ ဒီတော့ ရဟန်းပြုရကျိုး နပ်ဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။ သေသေချာချာ မစီစစ်၊ မစဉ်းစားမိပဲ ဒီလို အလွယ်လုပ်မိတော့ တစ်ကယ်လို့များ မျှော်မှန်းသလို ကုသိုလ် မဖြစ်ပဲ အချိန်ပဲ ကုန်လာလျှင်၊ ဒါမှမဟုတ် သဒ္ဓါတရား ပျက်လာလျှင်၊ ဒါမှမဟုတ် ကုသိုလ် တစ်ပဲ ငရဲ တစ်ပိဿာဖြစ်လာလျှင် မခက်ပါလား။ ရဟန်းဘဝ ဆိုတာက သိက္ခာပုဒ်တော်တွေက အများသားပါကလား။ ရဟန်းတရား မရှိပဲ ပြည်သူ့ဆွမ်း စားရတာထက် ရဲရဲညီးနေတဲ့ သံတွေခဲတွေ စားရတာကမှ တော်သေးတယ် လို့ ဆိုပဲ။ ဒါ့အပြင် သက်သက်သာသာနှင့် စိတ်ကြိုက်နေချင်မှတော့ ဘာလို့ ရဟန်းဝတ်နေတော့မှာလဲ ဆိုတာကလည်း စဉ်းစားစရာ တစ်ချက်ပါ။

အချို့နေရာများမှ ပစ္စက္ခ သာသနာရေး အခြေအနေ
ခုနှစ်တွေမှာ တစ်ဖြေးဖြေးနှင့် စာသင်တဲ့ သံဃာတော် အရေအတွက်က နည်းနည်းလာပြီး ပြင်ပကျောင်းလို့ ခေါ်တဲ့ စာမသင်၊ တရားမထိုင်ပဲ  နေလို့ရတဲ့ ကျောင်းတွေမှာ သံဃာတွေက များများလာပြီ။ ခေတ်နဲ့အညီ အတန်းသတ်မှတ်တာ၊ သင်ရိုးညွှန်းတမ်း ပြုပြင် ရေးဆွဲခြင်း မရှိပဲ ဒီအတိုင်း ပုံသေကြီး ဖြစ်နေတဲ့ စာသင် နည်း၊ တစ်တိုင်းပြည်လုံး တစ်ပြေးညီ စာဖြေနေရာကနေ (အာဏာနှင့်) ပြည်နယ်နှင့် တိုင်းခွဲပြီး စာမေးပွဲတွေ ကျင်းပစေလို့ အကျင့်ပျက် အရည်အသွေးကျပြီး စာသင်အား နည်းလာတာ စသည်ဖြင့် သံဃာတော်တွေ စာသင်နည်းလာပြီး လမ်းဘေးရောက်လာရခြင်းရဲ့ အကြောင်းတွေက အများကြီးပါ။ သံဃာ့နာယက အဖွဲ့ အဆင့်ဆင့်ရဲ့သံဃာတော်များအရေး လုပ်ဆောင်ချက်မရှိသလောက်အားနည်းတာဟာ အဓိက အကြောင်း တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ 

ပြီးခဲ့တဲ့ တစ်လလောက်က အစဉ်အလာကြီးတဲ့ ပခုက္ကူက စာသင်တိုက်ကြီး တစ်တိုက်မှာ အဆောင်တိုင်း နီးပါးမှာ ချဲထီဒိုင်ခံကြ၊ ရောင်းကြ၊ ထိုးကြ၊ သစ်စက်မှောင်ခို လက်ခံကြတဲ့ သတင်းကို နိုင်ငံခြား သတင်းဌာန တစ်ခု (ဒီဗွီဘီ)က ထုတ်လွင့်တာ ကြားလိုက်ရသေးတယ်။ အလွန်ပဲ စိတ်မသက်မသာ ဖြစ်ရပါတယ်။ စာရေးသူလည်း ကျောင်းဆောင်ပေါင်း အစိတ် သုံးဆယ်ခန့် ရှိတဲ့ အဝိုင်းတစ်ခုမှာ တည်းခိုဖူးတယ်။ ရိပ်သာ သုံးကျောင်းလောက်က လွဲလို့ ကျန်တဲ့ကျောင်း တစ်ကျောင်းမှ စာမသင်ကြဘူး။ ဒီအတိုင်း ချဲထိုး၊ နှစ်လုံးထီထိုးနှင့် ရက်၊ လ၊ နှစ်တွေ ကုန်ကြပေါ့။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ တရားတစ်ပုဒ်မှာ ကြားလိုက်ရတယ်။ ဟို သူ ရဟန်းမဝတ်ခင်တုန်းက သူသိတဲ့ ဘုန်းကြီးတွေဟာ စားပြီး အိပ်နေတာတွေ ချည်းပဲတဲ့။ ဒီလိုတွေ့ မြင်ကြရ ကြားကြရတော့ သဒ္ဓါတရားတွေ ပျက်ကုန်ကြတာပေါ့။

တစ်ချို့ဒကာ/ဒကာမတွေလည်း မသိနားမလည်ရှာကြဘူး။ ဒီတော့ အထက်မှာ ပြောခဲ့သလို ပုဂ္ဂိုလ်ခင်တော့ တရားမင်သွားကြပြန်တယ်။ ခင်ရာ ဆွေးမျိုးဆိုသလို ဘာစာမှ မသင်ပေမဲ့ ချဲနံပါတ်ပေး၊ ချဲအကြောင်း ထီအကြောင်း ပြောတဲ့ ကိုယ်တော်နှင့် ခင်မင်၊ ရင်းနှီး၊ လှူကြတန်းကြနှင့်ပေါ့။ ဒီတော့ အဲဒီလို အပြင် ကျောင်းမှာ နေတဲ့ ကိုယ်တော်တွေက ဘာစာမှ သင်စရာ မလိုပဲ ဆွမ်းကွမ်း ပြည့်ပြည့်စုံစုံ၊ အသုံးအဆောင် စုံစုံလင်လင် ချမ်းချမ်းသာသာနှင့် နေကြရတယ်။  ဒီတော့လည်း မပြည့်မစုံနှင့် ဆင်းဆင်းရဲရဲ ခက်ခက်ခဲခဲ စာသင်နေကြရှာတဲ့ ကိုယ်တော်လေးတွေက သူတို့ကို အားကျပြန်တယ်။ ဒီလိုနှင့် သူတို့လည်း စာမသင် တော့ပဲ သူတို့လို လိုက်နေကြပြန်တယ်။ ဒီလိုနည်းနှင့် စာသင်သံဃာတွေ အပြင်ကျောင်း (ကျောင်းစည်းကမ်း အရ ပရိယတ္တိဖြစ်စေ၊ ပဋိပတ္တိဖြစ်စေ လုပ်စရာ မလိုတဲ့ကျောင်း) ရောက်ကုန်ကြတာ မနည်းမနောပါပဲ။ တစ်ချို့နေရာနှင့် တစ်ချို့ ကျောင်းတွေမှာ ဒီလိုမျိုး ဖြစ်နေတဲ့ ပစ္စက္ခ သာသနာရေး အခြေအနေကိုတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံ အသိအမှတ်ပြုရမှာပဲ။ ဒီလို အမှန်ဖြစ်နေတာကို အသိ အမှတ်မပြုလျှင် ပြုပြင်နိုင်ဖို့ ပို အားနည်းမယ်။ အားနည်းပြီး ပြုပြင်မှုမရှိလျှင် တစ်စတစ်စနှင့် အားလုံး အတွက် လုံးပါးပါးသွားနိုင်ပါတယ်။

တစ်ချို့လူတွေက အထက်က ပြောခဲ့သလို သဒ္ဓါတရား ရှိလွန်းလို့ မရတဲ့ အချိန်လေးကြားက အချိန်လုပြီး သင်္ကန်းဝတ်ကြပေမယ့် အဲဒီလို ကျောင်းတွေ သွားဝတ်မိတော့ ကိုသိုလ်ထက် အပြစ်က ပိုများသလို ဖြစ်ကြရတယ်။ ဘာမှ မလုပ်ပဲ စား၊ အိပ်၊ ချဲထိုး၊ ဗွီဒီယိုပဲ တစ်နေကုန် ထိုင်ကြည့်တဲ့ ကျောင်းကို သွားဝတ် မိပြီး အလိုမကျ ဖြစ်ကြရတယ်။ ထွက်ပြီး ပြောင်းဝတ်ဖို့ကလည်း မလွယ်။ တစ်ချို့လည်း ရောယောင်ပြီး ကျောင်းခံ ကိုယ်တော်တွေလို ဖြစ်သွားကြတယ်။ တစ်ချို့လည်း အလိုမကျ ဖြစ်ကြရတယ်။ တစ်ချို့လည်း အထင်သေးပြီး သဒ္ဓါတရား ပျက်ကုန်ကြတယ်။ အဲဒီလိုတွေ မဖြစ်ခဲ့ရင်တောင် သေချာ စဉ်းစားကြည့်တော့ ကုသိုလ် သိပ်မဖြစ်လှဘူးပေါ့။

စဉ်းစားပြီး ရွေးချယ်သင့်
ဒါကြောင့်မို့ ရဟန်းဝတ်တော့မယ် ဆိုလျှင် ကိုယ့်ရဲ့ ဆရာဖြစ်မည့် ဆရာတော်ကို အရင်ဆုံး စဉ်းစားသင့် တယ်။ တစ်ချို့လူတွေက ကိုယ့်အလို လိုက်တာကို ကြိုက်ကြတယ်။ ဘယ်ဘုန်းကြီးက သူ့ကို ဘယ်လို အရေး ပေးကြောင်း စတဲ့ မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ပြန်ပြောတာတွေကို အတော်ပဲ ကြုံဖူးပါတယ်။ တကယ်က အဲဒါမျိုးတွေက အရေးပါလှတာ မဟုတ်ပါဘူး။ 

ကိုယ် မသိသေးတာတွေကို သင်ပြမယ်။ ကိုယ့်ရဲ့ အနေအထိုင် အပြောအဆို အဆင်ပြေ မပြေ၊ ကုသိုလ်ဖြစ်ကြောင်း ဘယ်လောက် လုပ်ဖြစ် မလုပ်ဖြစ် စတာတွေကို ကြည့်ရှုပြီး စိတ်ထဲမှာတင် တေးမှတ်မထားပဲ လိုအပ်သလို ပြောဆိုဆုံးမပေးတဲ့ သူသာ တကယ့် ဆရာ တော်ထိုက်တာပါ။ 

ဆရာနှင့် ပတ်သက်လို့ မန်လည်ဆရာတော်ဘုရားကြီးက “နာနာ ကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင် မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” လို့ အဓိပ္ပါယ် ဖွင့်ခဲ့ပါတယ်။ 

ဗုဒ္ဓရှင်တော်မြတ်ကတော့
နိဓီနံဝ ပဝတ္တာရံ၊ ယံ ပေဿ ဝဇ္ဇဒဿိနံ။
 
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
 
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။
(အပြစ်ဖော်ပြ နှိမ်ချဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိကို မြှုပ်ထားသော ရွှေအိုးကို ပြောကြား လာသူကဲ့သို့ ထင်မှတ်ကြည့်ရှု၍ ဆည်းကပ်ရာ၏၊ထိုသို့ သဘောရှိသောပညာရှိကို ဆည်းကပ် သောသူအား  မြတ်၏၊ မယုတ်ပါပေ။) လို့ မိန့်တော်မူခဲ့ပါတယ်။
(ဓမ္မပဒ၊ ၇၆၊ ထေရ၊ ၉၉၃၊ သာရိပုတ္တသုတ္တနိဒ္ဒေသ)

ဒီနေရာမှာ မေးစရာရှိတာက “နှိမ်ချဆုံးမလေ့ရှိသော”ဆိုတဲ့ စကားက ဘာကို ဆိုလိုတာပါလဲ။ တကယ်တော့ တစ်ယောက်က တစ်ယောက်ကို အထင်အမြင်သေး၊ မတူ မတန်သလို ချိုးနှိမ်ပြီး ဆက်ဆံတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ ဆိုပါတော့။ တပည့် တစ်ပါးက ရဟန်း သာမဏေတို့နှင့် မသင့်လျှော်တာကို ပြောတဲ့၊ ပြုတဲ့ အခါမှာဖြစ်စေ၊ ရဟန်း သမဏေတို့ရဲ့ အပြောအဆို၊ အမူအကျင့်၊ အနေအထိုင် စတာတွေနှင့် လွဲချော်နေတဲ့ အခါမှာဖြစ်စေ ဆရာက မြင်လျှင် ပြောဆို ဆုံးမရမှာပါ။ အဲဒါမျိုးတွေကို မြင်လျှက်နှင့် “ဒီကိုရင်က ငါ့ကို ရိုရိုသေသေ ဆည်းကပ် ပြုစု လုပ်ကျွေးနေတာ။ ဒီ ဦးဇင်းကတော့ သူ့မိသားစုက ငါ့ကို လှူတန်း ဆည်းကပ်နေတာ။ သူ့ကို ပြောဆိုလိုက်လျှင် ငါ့ကို ပြုစု လုပ်ကျွေးတော့မှာ မဟုတ်ဘူး၊ ငါ့ကို လှူဒါန်းတော့မှာ မဟုတ်ဘူး” လို့ တွေးပြီး ပြောဆို ဆုံးမမှု မပြုပဲ နေတာမျိုးကို နှိမ်ချဆုံးမလေ့ မရှိဘူးလို့ ပြောလိုတာ ဖြစ်ပါတယ်။ ရဟန်း သာမဏေတို့နှင့် မသင့်မတော် ချွတ်ချော် လွဲမှားနေတာတွေကို တွေ့မြင် ကြားသိလျှင် ကိုယ်ကျိုးမငဲ့ပဲ တပည့်အကျိုးကိုပဲ ငဲ့ကွက်ကာ (အကျိုးကို လိုလား ကောင်းမြတ်သော နှလုံးသားဖြင့်) အပြစ်ကို ထောက်ပြ ဖွင့်ပြော ဆုံးမလေ့ရှိသူကို “နှိမ်ချဆုံးမလေ့ ရှိသော” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

“ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ်သော သူအား မြတ်၏၊ မယုတ်ပါပေ” ဆိုတဲ့ စကားမှာ “မြတ်၏” ဆိုတာကတော့ ကုသိုလ်တရား တိုးပွားတာ၊ အကျိုးများတာ စသည့် ကောင်းကျိုးတရား တိုးပွားတာကို ပြောတာဖြစ်ပြီး၊ “မယုတ်ပါပေ” ဆိုတာကတော့ အဲဒီလို ကောင်းကျိုးတရားတွေ မဆုတ်ယုတ် မပျက်စီး မလျော့ပါးဘူးလို့ ဆိုလိုတာပါ။

 နောက်တစ်ခုက ကိုယ် နေထိုင်ရမည့် ကျောင်းရဲ့ အခြေအနေ၊ စည်းမျဉ်း စဉ်းကမ်း စတာတွေကို အကြမ်းဖျဉ်းလောက်တော့ လေ့လာပြီး ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ ကိုယ့် အလိုလိုက်ပြီး ပြောဆိုဆုံးမမှု မပေးတဲ့ ကျောင်း၊ သင်ကြားမှု၊ တရားထိုင်စေမှု၊ ရဟန်းသစ်ရဲ့ ကုသိုလ်တရား တိုးပွားမှုတွေ အတွက် လိုအပ်တာတွေကို ကြည့်ရှု စောက်ရှောက်မှု စသည် မရှိတဲ့ ကျောင်းမျိုးကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။လူ့ဘဝမှာ မိဘနှင့်ပတ်ဝန်းကျင်က အရေးကြီးသလို ရဟန်းဘဝမှာလည်း ဆရာ ဘုန်းကြီးနှင့် ပတ်ဝန်းကျင်က အရေးကြီးပါတယ် ရဟန်းဝတ်ဖြစ်တဲ့ ခဏမှာ တတ်နိုင်သမျှ ကုသိုလ်ဖြစ်ဖို့က အရေးအကြီးဆုံး မဟုတ်လား။ ဒါကြောင့် ရွေးချယ်မှုပြုဖို့နှင့် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ဖို့ အရေးကြီးပါတယ်။

ဘယ်နေရာကို ရွေးချယ်ရမှန်း မသိဖြစ်နေတဲ့ ဒုလ္လဘရဟန်း ဝတ်မည့်သူအတွက် အသင့်တော်ဆုံး နေရာကို ယေဘုယျသဘော ညွှန်ပြရလျှင်တော့ တရားရိပ်သာတွေဟာ အကောင်းဆုံး နေရာတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ မဖြစ်မနေ တရား အားထုပ်နေရတာမို့ ကုသိုလ်ဖြစ်ခွင့် များနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အထူးပြု ပြောလိုတာက တစ်ခြား ဆရာကောင်းတွေ၊ နေရာကောင်းတွေလည်း အများကြီး ရှိပါတယ် ဆိုတာကိုပါပဲ။  စာသင်တိုက်တွေကတော့ သံဃာတော်မြတ် အများအပြားကို စာပေပို့ချ အုပ်ချုပ်နေရတာမို့ အလုပ်ရှုပ်နေနိုင်ပြီး ကိုယ့်အပေါ် အာရုံစိုက်နိုင်ချင်မှ စိုက်နိုင်မယ်လို့ ထင်ပါတယ်။ ပရိယတ္တိအလုပ်ကို ကြိုးစားပြီး လုပ်နေကြတဲ့ သံဃာတော်အပေါင်းရဲ့ ဂုဏ်ကို အာရုံပြုကာ လေးမြတ်စွာ ရှိခိုးပါကြောင်းလည်း အခွင့်သင့်တုန်း ဖော်ပြပါရစေ။

အချုပ်တင်ပြရလျှင်တော့ ရွေးချယ်ဖို့လိုပါတယ်။ဒီရွေးချယ်ခွင့်ဟာ သင့်ရဲ အခွင့်အရေး ဖြစ်ပြီး သင်ကိုယ်တိုင် စဉ်းစား ဆုံဖြတ် ရွေးချယ်ရမှာပါ။ ထို့နည်းတူ ရွေးချယ်မှုနှင့် အတူ ဖြစ်ပေါ်လာတဲ့ အကျိုး ရလဒ်ကလည်း သင့်ရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ 

2 comments:

ရဟန်းဘဝ ဆိုတာက သိက္ခာပုဒ်တော်တွေက အများသားပါကလား။ ရဟန်းတရား မရှိပဲ ပြည်သူ့ဆွမ်း စားရတာထက် ရဲရဲညီးနေတဲ့ သံတွေခဲတွေ စားရတာကမှ တော်သေးတယ် လို့ ဆိုပဲ။ ဒါ့အပြင် သက်သက်သာသာနှင့် စိတ်ကြိုက်နေချင်မှတော့ ဘာလို့ ရဟန်းဝတ်နေတော့မှာလဲ ဆိုတာကလည်း စဉ်းစားစရာ တစ်ချက်ပါ။

ခုနှစ်တွေမှာ တစ်ဖြေးဖြေးနှင့် စာသင်တဲ့ သံဃာတော် အရေအတွက်က နည်းနည်းလာပြီး ပြင်ပကျောင်းလို့ ခေါ်တဲ့ စာမသင်၊ တရားမထိုင်ပဲ နေလို့ရတဲ့ ကျောင်းတွေမှာ သံဃာတွေက များများလာပြီ။ ခေတ်နဲ့အညီ အတန်းသတ်မှတ်တာ၊ သင်ရိုးညွှန်းတမ်း ပြုပြင် ရေးဆွဲခြင်း မရှိပဲ ဒီအတိုင်း ပုံသေကြီး ဖြစ်နေတဲ့ စာသင် နည်း၊ တစ်တိုင်းပြည်လုံး တစ်ပြေးညီ စာဖြေနေရာကနေ (အာဏာနှင့်) ပြည်နယ်နှင့် တိုင်းခွဲပြီး စာမေးပွဲတွေ ကျင်းပစေလို့ အကျင့်ပျက် အရည်အသွေးကျပြီး စာသင်အား နည်းလာတာ စသည်ဖြင့် သံဃာတော်တွေ စာသင်နည်းလာပြီး လမ်းဘေးရောက်လာရခြင်းရဲ့ အကြောင်းတွေက အများကြီးပါ။ သံဃာ့နာယက အဖွဲ့ အဆင့်ဆင့်ရဲ့သံဃာတော်များအရေး လုပ်ဆောင်ချက်မရှိသလောက်အားနည်းတာဟာ အဓိက အကြောင်း တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။

Post a Comment

သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား