ထင်မြင်ချက်ပေးခဲ့ပါ

Friday, March 18, 2011

လင်္ကာကျွန်းမှ မြတ်စွယ်တော်



သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ရှိ ဗုဒ္ဓမြတ်စွယ်တော်နှင့် စွယ်တော်တည်ရှိရာ ဓာတ်တော်ကြုပ်



ဗုဒ္ဓဘုရားရှင်း၏ စွယ်တော်လေးဆူအနက် လင်္ကာကျွန်းသားတို့ ကိုးကွယ်ပူဇော်ခွင့်ရသော စွယ်တော်သည် လက်ဝဲအောက်စွယ်တော်မြတ်ပင်ဖြစ်ပါသည်။ ထို လက်ဝဲအောက်စွယ်တော်မြတ် လင်္ကာကျွန်းသို့ ရောက်ရှိလာပုံ၊ လင်္ကာကျွန်းသားတို့ ကိုးကွယ်ပူဇော်ခွင့်ရခဲ့ပုံမှာ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လေ၏။အရှင်သာရိပုတ္တရာမထေရ်မြတ်၏တပည့် ခေမာအမည်ရှိသော ရဟန္တာမထေရ်သည် မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးသဂြိုဟ်စဉ် မီးဟုန်းဟုန်းတောက်လောင်နေသော ထင်းပုံထဲမှ ထိုစွယ်တော်မြတ်ကို ပင့်ဆောင်ပြီး ကာလိင်္ဂတိုင်း ( အိန္ဒိယ ) ဒန္တပူရ်မြို့ ဗြဟ္မဒတ်မင်းအား ပူဇော်စေခဲ့သည်။ ထိုစွယ်တော်မြတ်ကို ဗြဟ္မဒတ်မင်း၏ သားစဉ်မြေးဆက်ကိုးကွယ်လာခဲ့ကြရာ ဂုဟသိဝမင်းလက်ထက် ရောက်သောအခါ စွယ်တော်မြတ်ကို ဟိန္ဒူမင်းများ၏ ဖျက်ဆီးမည့် အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရ၏။ စွယ်တော်မြတ်ကို အသက်နှင့်ထပ်တူ ကြည်ညိုမြတ်နိုးသော ဂုဟသိဝမင်းသည် စစ်ပွဲတစ်ခုတွင် သမီးတော် ဟေမမာလာနှင့် သားမက်ဖြစ်သူ ဒန္တမင်းသားတို့အား စွယ်တော်မြတ်ကို အပ်နှံပြီး အကယ်၍ စစ်ရှုံးသွားပါက စွယ်တော်မြတ်ကို တိတ်တဆိတ်ပင့်ဆောင်ပြီး သီဟိုဠ်ကျွန်းအရှင် မဟာသေနမင်းထံအရောက် သွားကြရန် မှာကြားထားခဲ့လေသည်။


စွယ်တော်ကို ပင့်ဆောင်လာသူ ဟေမမာလာမင်းသမီးနှင့် ဒန္တမင်းသား / စွယ်တော်ကို မင်းသမီး၏ ဆံထုံးတွင်ဝှက်ယူလာသည့်ဟန် သရုပ်ဖေါ်ထားသည်


ဂုဟသိဝမင်း ကျဆုံးသည်နှင့် တပြိုင်နက် ဇနီးမောင်နှံနှစ်ယောက်တို့သည် စွယ်တော်မြတ်ကို ပင့်ဆောင်ကာ သာမန်အရပ်သားများ အသွင်ဖြင့် တမလိတ္တိအမည်ရှိ ကာလိင်္ဂဆိပ်ကမ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ရာ သီဟိုဠ်ကျွန်း ပတ္တနားဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ကြသည်။ ထိုမှတဆင့် ဇနီးမောင်နှံနှစ်ယောက်တို့သည် ထိုအချိန်က မြို့တော်တည်ရှိရာ အနုရာဓပူရသို့ ခြေကျင်ခရီးဖြင့် ပင်ပင်ပန်းပန်း သွားခဲ့ကြကြရသည်။ သူတို့ရောက်ရှိသော အချိန်၌ မဟာသေနမင်းနတ်ရွာစံလွန်ခဲ့ပြီးဖြစ်သဖြင့် သားတော် ကိတ္တိသိရိမေဃဝဏ္ဏ ( အေဒီ - ၃၀၃ - ၃၃၁ ) နန်းတက်လျက် ရှိနေသည်။


ကန္ဒီမြို့ရှိ စွယ်တော်တိုက်



ကာလိင်္ဂတိုင်းမှ ဇနီးမောင်နှံ နှစ်ယောက်တို့သည် ဗုဒ္ဓမြတ်စွယ်တော်ကို “ ကိတ္တိသိရိ မေဃဝဏ္ဏ ” မင်းအား ဆက်သပူဇော်စေခဲ့သည်။ ကိတ္တိသိရိ မေဃဝဏ္ဏမင်းကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံရယူပြီ “ ဓမ္မစက္ကဂေဟ ” အမည်ရှိသော ကြီးကျယ်ခမ်းနားသည့် အဆောက်အဦးတွင် ကိုးကွယ် ပူဇော်ထားလေသည်။ ထိုအဆောက်အဦးကြီးသည် ယခုလက်ရှိ အနုရာဓပူရမြို့ ထူပါရုံစေတီတော်၏ အရှေ့ဘက် တစ်ဖာလုံခန်တွင်ရှိလေသည်။

အဆိုပါ မြတ်စွယ်တော်ကို ကိတ္တိသိရိမင်းမှစ၍ ဓမ္မပါလမင်းတိုင်အောင် အနုရာဓပူရ၊ ပေါလောနရုဝ၊ ဂမ်ပေါလ စသည့်မြို့များသို့ တဆင့်ပြီးတဆင့် မင်းအဆက်ဆက် ပြောင်းရွှေစိုးစံရာသို့ စွယ်တော်မြတ်ကို ပင့်ဆောင့် ကိုးကွယ်ကြလေသည်။ အေဒီ ၁၅၉၁ သို့ရောက်သောအခါ ပထမဝိမလသူရိယမင်းသည် ကန္ဒီနိုင်ငံတော်သစ်ကို တည်ထောင်ခဲ့သည်။ ထိုအချိန်တွင် စွယ်တော်မြတ်ကို ပေါ်တူဂီတို့ ဖျက်ဆီးမည့် ဘေးအန္တရာယ်ကြောင့် ရတနပူရမြို့အနီး ရာဇမဟာဝိဟာရ အမည်ရှိ ကျောင်းတစ်ကျောင်းတွင် တိတ်တဆိတ် ပင့်ဆောင့်ကာ ဝှက်ထားခဲ့လေသည်။ ကန္ဒီနိုင်ငံတော်သစ်ကို အေးချမ်းစွာ အုပ်ချုပ်နိုင်သောအခါမှ စွယ်တော်မြတ်ကို ပြန်လည်ပင့်ဆောင်ကာ နန်းတော်နှင့်တွဲလျက် နှစ်ထပ်အဆောက်အအုံ စွယ်တော်တိုက်ကို တည်ဆောက်ပြီး ကိုးကွယ်ပူဇော်ခဲ့လေသည်။ ထိုစွယ်တော်တိုက်သည် ယနေ့ ကန္ဒီမြို့တွင် တည်ရှိလေ၏။



စွယ်တော်တိုက်၏ အတွင်းနံရံ / ကန္ဒီမြို့တစ်မြို့လုံးမှလှမ်း၍ တွေ့မြင်နိုင်သော ဗုဒ္ဓရုပ်ပွားတော်


ထို ဗုဒ္ဓမြတ်စွယ်တော်အား လင်္ကာကျွန်းသားတို့ မြတ်မြတ်နိုးနိုးပင် တန်ဘိုးထားကြလေသည်။ ခေတ်အဆက်ဆက် မင်းနှင့်ပြည်သူတို့ ဦးခိုက်ကြ၏။ ယခုမျက်မှောက်ခေတ်တွင် အကြီးကျယ်ဆုံးသော ပူဇော်ပွဲအနေဖြင့် နှစ်စဉ်နှစ်တိုင်း စွယ်တော်မြတ်ကို ပူဇော်ကြသည်။ အသစ်အသစ်တက်ရောက်လာသော နိုင်ငံ၏ သမ္မတများသည်ပင် သမ္မတဖြစ်ဖြစ်ခြင်း စွယ်တော်တိုက်ရှိရာသို့ သွားရောက်၍ ဝတ်ပြုရသော စည်းတစ်ခုကို ချမှတ်ထားလေသည်။



လင်္ကာကျွန်းသားတို့ရဲ့ ဒုတိယဒုဋ္ဌဂါမဏိခေါ် သမ္မတ မဟိန္ဒ / ကျွန်တော်တို့ရဲ့ ဘဘကြီး စွယ်တော်ဖူးခရီးစဉ်


ကန္ဒီသည် သီဟိုဠ်ကျွန်း၏ နောက်ဆုံး မင်းနေပြည်တော်ဖြစ်ခဲ့ပြီး ၁၈၁၅ ခုနှစ်တွင် ဗြိတိသျှတို့က သီရိဝိကရမရာဇဆင်ဟာကို နန်းချ၍ ကိုလံဘိုကို မြို့တော်သစ်အဖြစ် သတ်မှတ်ခဲ့လေသည်။ ကိုလံဘိုကို မြို့တော်သစ်အဖြစ် သတ်မှတ်သော်လည်း ဗုဒ္ဓစွယ်တော်ကိုကား ကန္ဒီမြို့စွယ်တော်တိုက်၌ပင် ဆက်လက်ထားခွင့်ပြုခဲ့၏။ နှစ်စဉ်ကျင်းပနေကျ စွယ်တော်ပူဇော်ပွဲကိုလည်း ဆက်လက်ကျင်းပခွင့်ပြုခဲ့၏။ စွယ်တော်ပူဇော်ပွဲကို နှစ်စဉ် သီဟိုဠ်ကျွန်း၏ ခြောက်သွေ့ရာသီကုန်ဆုံးချိန် ( ဇူလိုင် - သြဂုတ် ) လတွင် ကျင်းပလေ့ရှိကြသည်။ သီဟိုဠ်ဗုဒ္ဓဘာသာဝင်လူမျိုးတို့၏ အယူအဆတစ်ခုမှာ ... မြတ်စွယ်တော်အား ပူဇော်ခြင်းတွင် မိုးရွာစေနိုင်သော စွမ်းအင်များ ရှိသည်ဟု အစဉ်အလာအားဖြင့် ယုံကြည်မှုရှိကြ၏။ ထို့အတွက်ကြောင့်ပင် စွယ်တော်ပူဇော်ပွဲကို မိုးခေါ်ပွဲဆန်ဆန် ပြုလုပ်ကြခြင်းဖြစ်လေသည်။


ကန္ဒီမြို့တွင် နှစ်စဉ် ကျင်းပသော စွယ်တော်ပူဇော်ပွဲကို “ ပေရဟေရ ” ခေါ်ဆိုကြပြီး “ စီတန်းလှည့်လည်ပွဲ ” ဟု အဓိပ္ပာယ် ရပါသည်။ ဤပူဇော်ပွဲသည် မိုးခေါ်ပွဲဖြစ်သည့် အားလျော်စွာ မိုးခြိမ်းသံကို ကိုယ်စားပြုသော ကြိုးရမ်းဗြောက်သံများနှင့် စတင်သည် ( ကြိုးရှည်တစ်ချောင်းကို ဆွဲကိုင်ခါရမ်းကာ “ ဖြောင်း ဖြောင်း ” ဟူသော အသံဖြစ်စေခြင်းကို ဆိုလိုပါသည် )။ ထို့နောက် မီးကိုကစားပြသော ဖျော်ဖြေရေးအဖွဲ့က နောက်က လိုက်ပါလာပါသည်။ အုန်းသီးအဆံခြောက်များကို မီးရှို့ထားသော မီးတုတ်ကိုင်သူများလိုက်လာကြပြီး၊ ထိုမီးတုတ်ကိုင်သူများသည် လျှပ်စီးလက်သည်ကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။ ထိုဖျော်ဖြေမှုတွင် မီးပန်းမီးဝိုင်းများကို မြေပြင်တွင် ကစားပြရုံသာမက ရှည်လျားမြင့်မားသော ကုလားမခြေထောက်များပေါ်တွင်ပါ လှလှပပကစားပြသည်ကို ရင်သပ်ရှုမောဖွယ် တွေ့ရမည်ဖြစ်သည်။





ဤစီတန်းလှည့်လည် ပူဇော်ပွဲကို ဆယ်ညဆက်တိုက် ကျင်းပလေ့ရှိပြီး ငါးရက်မြောက်ညတွင် ဆင်အကောင်ရေ ပိုများလာ၏။ နောက်ဆုံး နှစ်ညသို့ရောက်သောအခါ ဆင်အကောင်ရေ တစ်ရာခန့် ပါဝင်လာပြီး အစည်ကားဆုံးအချိန်ဟု ဆိုရမည်ဖြစ်သည်။ ဆင်များသည် မိုးသားတိမ်လိပ်များကို ကိုယ်စားပြုသည်ဟုဆိုသည်။ ပထမအဆင့်တွင် ဆင်များကို တစ်ကောင်ချင်းစီ၊ ဒုတိယအဆင့်တွင်မူ နှစ်ကောင်စီ စုံလိုက် စုံလိုက် စီစဉ်ထား၏။ ပထမဆင်သည် သာသနာ့အလံတော်၊ ဒုတိယဆင်သည် ပိဋကတ်သုံးပုံ၊ တတိယဆင်မှစ၍ ဆင်အချို့သည် ဗုဒ္ဓစွယ်တော်မြတ်၏ အသုံးအဆောင်တို့ကို တင်ဆောင် လာသည်ကို တွေ့ရသည်။ ထိုဆင်တော်များကြားတွင် အတီးအမှုတ်အဖွဲ့အမျိုးမျိုး၊ အကအဖွဲ့အမျိုးမျိုး စီကာစဉ်ကာ လိုက်ပါကြသည်။ ဆင်ကြီးများသည်ပင် ပျော်လွန်း၍ ကကြသည်ကိုတွေ့နိုင်ပါလိမ့်မည်။






စီတန်းလှည့်လည်ပွဲ၏ အလယ်လောက်တွင် အကြီးဆုံး အရှည်ဆုံးနှင့် အလှအဆုံးအစွယ်ပါရှိသည့် ဆင်တော်ကြီးသည် ဘေးနှစ်ဘက်တွင် ၎င်းနှင့်ထပ်တူနီးပါးရှိသည့် ဆင်ကြီးနှစ်ကောင် ခြံရံလျက် မြတ်စွယ်တော်ကို တင်ဆောင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဗုဒ္ဓစွယ်တော်ပူဇော်ပွဲ၏ နောက်ဆုံးညအပြီးတွင် နောက်နေ့ နံနက် ၃ နာရီခန့်အချိန်၌ စွယ်တော်ထိန်းဦးဆောင်သောအဖွဲ့သည် ဆင်အနည်းငယ်ဖြင့် အစဉ်အလာယုံကြည်ချက်အရ နတ်ပြည်၌ အစိုင်အခဲဖြစ်နေသော မိုးကို ဖြတ်သည့် သင်္ကေတအနေဖြင့် ရေဖြတ်မင်္ဂလာပွဲကို ပြုလုပ်ရန် မဟာဝေလိမြစ်သို့ သွားကြလေသည်။ ထိုရေဖြတ်မင်္ဂလာပြုပြီးလျှင် တစ်နှစ်တာအတွက် မြတ်စွယ်တော် ပူဇော်ပွဲလည်း ပြီးဆုံးလေတော့သည်။


အရှင်မေဓာနန္ဒ (သီရိလင်္ကာ)
မှ စုစည်းတင်ပြပါသည်။
Source:http://www.lankamsma.org

1 comments:

အကယ်၍ မြန်မာနိုင်ငံ၌လည်း မြတ်ဗုဒ္ဓစွယ်တော်အစစ်
ရှိနေတယ် ဆိုရင် ယုံကြည်ပါ့မလား?
စွယ်တော်ပွါးကိုဆိုလိုတာမဟုတ်ပါ။
ပကတိသွားတော်အတိုင်းကိုဆိုတာပါ။

Post a Comment

သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား