မော့ကြည့်တာ အလကားမဟုတ်ဘူး၊
ယမ်းသီးတွေ ကျလာမှာစိုးလို့။
ကမ္ဘ္ဘာက ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့၊
ဒါပေမယ့် မရင့်ကျက်သေးဘူး။
ကမ္ဘာက တရားတော်တွေလည်း ရှိပါရဲ့၊
တရားဟောဆရာတွေလည်း ရှိပါရဲ့၊
ဒါပေမယ့် တရားမရသေးဘူး။
ကမ္ဘာက ကမ္ဘာစစ်ကြီး (၂)ခုနဲ့ ကြုံခဲ့ပြီ၊
လူ့အသက်တွေလည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ၊
ဒါပေမယ့် အမှတ်မရှိသေးဘူး။
ကမ္ဘာက ဘာသာရေး စစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ၊
ဒါပေမယ့် နောင်တ မရချင်သေးဘူး။
ကမ္ဘာက လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ၊
လူမျိုးနွယ် အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ၊
ဒါပေမယ့် အကြောက်အလန့် မရှိချင်သေးဘူး။
ကမ္ဘာက ထစ်ကနဲ့ရှိ၊
ပစ်မယ် ခတ်မယ်ဆိုတာချည်းပဲ၊
ထစ်ကနဲ့ရှိ အကြမ်းဖတ်မယ်၊ ဗုံးခွဲမယ်၊ လေယာဉ်အပိုင်စီးမယ် ဆိုတာချည်းပဲ။
ကမ္ဘာက ခုချိန်ထိ ပြဿနာကို သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ။
ကမ္ဘာက မီးစကိုလည်း ကိုင်ရဲ့၊ ရေမှုတ်ကိုလည်း ကိုင်ရဲ့၊
သံတမန်လို လတ်ဆောင်အောက်မှာ သေနတ်ကိုလည်း ဝှက်ယူလာရဲ့၊
ကမ္ဘာက ခုချိန်ထိ ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ။
ဒီခေတ်ကြီးကို အိုင်တီခေတ်၊
ဂလိုဘယ်ခေတ်၊ မီဒီယာခေတ်၊ခေတ်လွန်ခေတ်၊
မျိုးစုံအောင် အဓိပ္ပါယ်ဖွင့်ဆိုနေကြ။
ဒါပေမယ့် ကမ္ဘာက အခုချိန်ထိ သူ့ကိုသူ ကမ္ဘာလို့လည်း အသေချာမသိ၊
လူလိုလည်း အသေချာမသိ၊
လူမျိုးလိုလို နိုင်ငံလိုလို ဘာသာတရားလိုလိုနဲ့၊
ရူးချင်ယောင်ဆောင်နေတုန်းပဲ။
အများကောင်းစားရေးလိုလို၊
ကိုယ်ကျိုးစွန့် အနှစ်နာခံမှုလိုလိုနဲ့၊
အခုချိန်ထိ ရသမျှ အကျိုးစီးပွား၊
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ၊
အခုချိန်ထိ ကမ္ဘာကျင့် ကမ္ဘာကြံနေတုန်းပဲ။
ကမ္ဘာက အဆောက်အဦးကြီးတွေဆောက်ပါရဲ့၊
အဖွဲ့အစည်းကြီးတွေ ဖွဲ့ပါရဲ့၊
ဒါပေမယ့် အဲဒီအဆောက်အဦးကြီးတွေဟာ
ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ
ကမ္ဘာက အသေချာ မသိဘူး။
အခုပဲ သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်၊
အခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း၊
ကမ္ဘ္ဘာက ဘာအစည်းအဝေး၊ ညာအစည်းဝေး၊
အစည်းအဝေးကြီးတွေ မကြာမကြာကျင့်ပပါရဲ့၊
စီမန်ကိန်းတွေ ရေးဆွဲပါရဲ့၊
မကြာ မကြာ ညစာစားပွဲကြီးတွေ တည်းခင်းပါရဲ့၊
ဒါပေမယ့် အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ
ညစာစားပွဲတစ်ခုရဲ့ ကုန်ကျငွေဟာ-
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့ ရတယ်ဆိုတာ၊
ကမ္ဘာ သိပုံ မရဘူး။
ဒါးဗို့ မှာ အစည်းအဝေးလုပ်တော့၊
နီဂရိုး ပွန်တီ က-ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပြူတာတွေ ထုတ်ရမယ်။
ဘီဂိတ်က ဒီလိုမဟုတ်၊ ကွန်ပြူတာနဲ့ တွဲကြည့်လို့ရတဲ့ ဆဲလ်ဖုန်းတွေ
ထွင်ဖို့ လိုတယ်တဲ့။
ရှာရွန်စတုန်းက ပြောတယ်၊
လောလောဆယ် အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့။
တကယ် မီးစတစ်ဖက် ရေမှုတ်တစ်ဖတ်ပါပဲ၊
ကမ္ဘာဟာ တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး၊
တစ်ဖတ်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ။
ကမ္ဘာဟာ အခုချိန်ထိ တရားတွေ့သလိုလိုနဲ့၊
တရားကို ကွေ့ရှောင်နေတုန်းပဲ။
ကမ္ဘာဟာ အခုချိန်ထိ အရေးကြုံမှ
အရပ်ကူပါ၊ လူဝိုင်းပါ လုပ်ချင်နေတုန်းပါပဲ။
ဒိုင်ယာနာ မသေခင် နောက်ဆုံးသောက်သွားတဲ့ဟင်းရည်ချိုဟာ ဒေါ်လာ(၄၀၀၀)တန်တယ်။
ဗီယင်နာ ကို ဂျော့ဘုခ်ျ လာတော့၊
တည်းခိုးခန်းတစ်ညဟာ ဒေါ်လာ(၆၀၀၀)ကြတယ်။
ဒိုင်ယာနာ ဟင်းရည်ချိုဖိုးလေးသာရ၊
သူအဆင်ပြေပါပြီတဲ့၊
လူတစ်ယောက်ပြောတယ်။
မာသာထရီဇာဟာ ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကိုအလှူခံခဲ့ဘူးတယ်။
ဘုရင်ခံချုပ်က နှစ်ယောက်စာ ဝတ်ထားပြီးပြီပဲ၊
ကျွန်တော်ဝတ်ဖို့ မလိုတော့ပါဘူးတဲ့၊
မဟတ္တမ ဂန္ဒီ ပြောခဲ့သလိုပါပဲ။
လူပေါင်းများစွာဟာ ကျောပြောင်ပြောင်နေပြီး၊
လူအချို့ဟာ တောင်ပုံ ရာပုံ ရှိနေတယ်၊
ကမ္ဘာက သိပုံမရဘူး။
အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးလို
အခု သူတို့ဖြစ်နေတာက ဆာတာပါတဲ့၊
နာ တာ မဟုတ်ပါဘူးတဲ့၊
သူတို့အဆင့်ဟာ နာတဲ့အဆင့်ကို လွန်ခဲ့ပါပြီ၊
ဆာတာဟာ နာတာထက် ပိုဆိုးပါသတဲ့။
ဒီကမ္ဘာပေါ် လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး၊
လူအချို့ဟာ ကျိကျိတတ် ကြွယ်ဝနေတယ်၊
ကမ္ဘာကသိပုံမရဘူး။
ဒီကမ္ဘာဟာ လွတ်လပ်စွာ ပြိုင်ဆိုင်သော တစ်ခေတ်လို လိုအပ်လာ၊
အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်။
အထည်အလိပ်တွေ မီးရှိုးပစ်ဖို့လည်း အဆင်သင့်။
ဒီကမ္ဘာက အခုအချိန်ထိ ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း အသေချာမသိ၊
စီးပွားရေး ချိန်ခွင်ညှာ မညီမျှမှုဟာ ပြဿနာလို့လည်း အသေချာမသိ၊
အဓမ္မ္မ ရာဂဟာ ပြဿနာလို့လည်း အသေချာမသိ၊
စစ်နဲ့ ငြိမ်းချမ်းရေး-ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း အသေချာမသိ၊
အရိပ်ရမှ အေးမြတယ်ဆိုတာလည်း အသေချာမသိ၊
အခုချိန်ထိ သစ်မြင် ခုတ်ချင်နေတုန်းပဲ။
မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ၊ တွင်းမြင် ရေနံ ငင်ချင်နေတုန်းပဲ။
ကမ္ဘာဟာ အခုအချိန်ထိ သူ့ကိုသူ ကမ္ဘာတည်မယ် ထင်နေရဲ့၊
ဘဝင်လည်း မြင့်ရဲ့၊
ရူးလည်း ရူးရဲ့၊
ဂိုက်ပေးလည်း ကြမ်းရဲ့၊ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့။
မာသာထရီဇာက တစ်ယောက်တည်း၊
ဘင်လာဒင်တွေက အများကြီးပဲ။
ဂန္ဒီ က တစ်ယောက်တည်း၊
ဟစ်တလာတွေက အများကြီးပဲ။
တကယ်တော့ ဂျီအိပ်ခ်ျဆိုတာ
ကမ္ဘာစက်မှုကုန်သည်ကြီးများအသင်းပါ၊
အစည်းဝေးလုပ်တယ်ဆိုတာကလည်း၊
ဈေးကွက်ညှိကြတာပါဗျာတဲ့။
ကမ္ဘာဟာ အခုချိန်ထိ နောက်ထပ် ခရူးဆိပ်တစ်ခုကိုလည်း မြင်တွေ့ထားပုံရရဲ့၊
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း မျှော်လင့်ထားပုံ ရရဲ့။
အခုချိန်ထိ လက်နက်အပြိုင်အဆိုင် တပ်ဆင်နေတုန်းပဲ၊
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ၊
ဂိုဏ်းဂဏအစွဲ၊ အယူဝါဒအစွဲတွေ ပြင်းထန်နေတုန်းပဲ၊
သံလိုက်များလို လိုအပ်လာ၊
ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့် မျိုးတူစုလူတွေကလည်း အဆင်သင့်။
အခုဆို လေလည်း လေပြီ
ကောင်းကင်ပိရင် ဘယ်ခေါင်းမှ မလွတ်တော့။
Source: http://www.oneshinwar.com မေမေ့သား ရှင်ဝါ ကူးယူတင်ပြသည်။
2 comments:
မျက်စိတွေ နားတွေ အနေထားမှားနေသော ကမ္ဘာကြီး
ကဗျာသမားမို့ ဖတ်ရှုခံစားသွားပါတယ်
Post a Comment
သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား