ထင်မြင်ချက်ပေးခဲ့ပါ

Thursday, March 17, 2011

လင်္ကာကျွန်း ( သို့ )နီသောလက်ဝါးပိုင်ရှင်တို့၏ နေရာ အပိုင်း(၁)

ငယ်စဉ်ကတည်းက ကြားဖူးနားဝရှိလှတဲ့ ဒီကျွန်းလေးတစ်ကျွန်းကို စိတ်ဝင်စားခဲ့တာတော့ အမှန်ပါ။ ရာမဇာတ်တော်ထဲက ဒဏ္ဍာရီ ဆန်ဆန်ရှိလှတဲ့ ဒီကျွန်းကလေး၊ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးမှု အင်အားကြီးလှတဲ့ ဒီကျွန်းကလေး၊ သေးသေးကွေးကွေး ဒီကျွန်းလေးဟာ မြန်မာလူမျိုးတို့ အလေးအမြတ်ထားတဲ့ ဝင်ကိုးဝင်( ဗုဒ္ဓဝင် ၊ မဟာဝင် ၊ ရာဇဝင် ၊ ဒီပဝင်၊ ဗောဓိဝင် ၊ ဓာတုဝင် ၊ ထေရဝင် ၊ ဂန္ထဝင် ၊ အနာဂတဝင် ) ထဲမှာပါတဲ့ မဟာဝင်ဆိုတဲ့ကျမ်းဟာ သီရိလင်္ကာကျွန်းအကြောင်းကို ဘာလို့ အဓိကထားရေးခဲ့ပါသလဲ ။ နောက် .... ဆရာပါရဂူရဲ့ “ တမ္ဗပါဏိ ” ( နီသောလက်ဝါး ) ဆိုတဲ့စာအုပ်ကိုဖတ်မိပြန်တဲ့အခါ ဒီကျွန်းအကြောင်းပဲ ရေးတာတွေ့မိပြန်ပါရော။ ဒါတင်ပြီးပြီလာဆိုတော့ မပြီးသေးပါဘူး။ ဓမ္မာစရိယဦးဌေးလှိုင်ကလည်း “ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ ” ဆိုပြီး စာအုပ် တစ်အုပ်ထွက်လာပြန်ပါသေးတယ်။ ဒီလိုစာအုပ်တွေ ဖတ်မိသွားတဲ့အခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကျွန်းလေးကို လေ့လာမိခဲ့ပါတော့တယ်။ ဒါကြောင့် သီရိလင်္ကာကျွန်းရဲ့ ခေတ်အခြေအနေ၊ လူမျိုးရဲ့ ဓလေ့၊ သူတို့ရဲ့ ယဉ်ကျေးမှု၊ ပညာရေး စတဲ့အရာတွေကို လေ့လာစုံစမ်းလို့ ရသမျှ လေ့လာတင်ပြပါ့မယ်။ ဒီဆောင်းပါ ခေါင်းစဉ်မှာ နီသောလက်ဝါးပိုင်ရှင်များလို့ ဆိုလိုက်တဲ့အတွက် တကယ့်ကို လက်ဝါးနီသော လူမျိုးတွေလို့ မထင်လိုက်စေချင်ပါ။ မဲမဲသဲသဲရှိတဲ့ လင်္ကာကျွန်းသားတွေမှာ လက်ဝါးမနီတာကတော့ အမှန်ပါပဲ။ လင်္ကာကျွန်းသားတွေ သူတို့နေထိုင်ရာ ကျွန်းကို စရောက်တဲ့အချိန်မှာ မြေနီတွေအပေါ် လက်ထောက်ပြီးတက်ခဲ့ရတဲ့အတွက် မြေနီတွေကပ်ပြီး လက်ဝါးနီခဲ့တာကို ဆိုလိုချင်တာပါ။





အောလ်ကော့နှင့် သာသနာ့အလံတော်

တစ်ချိန်က သီဟိုဠ်သား အနာဂါရိကဓမ္မပါလ၏ ဖိတ်ကြားချက်ဖြင့် ပုဂ္ဂိုလ်ထူးနှစ်ဦး ကိုလံဘိုဆိပ်ကမ်းသို့ ရောက်လာခဲ့ကြသည်။ ကိုလံဘိုဆိပ်ကမ်းသို့ သင်္ဘောဆိုက်ပြီး မကြာမှီမှာပင် ထိုသူနှစ်ဦးတို့က အံ့သြဖွယ် အပြုအမူကို လုပ်ပြလိုက်သဖြင့် သီဟိုဠ်သားတို့ ကြက်သီဖြန်းဖြန်းထသွားလေတော့၏။ ကိုလံဘိုမြေပေါ်သို့ခြေချမိသည် ဆိုရုံမျှဖြင့် ထိုသူနှစ်ဦးကို လာကြိုနေသော ပရိသတ်ကြီးအတွင်ရှိ ရဟန်းသံဃာတော်တို၏ ရှေ့မှောက်ဝယ် သရဏဂုံသုံးပါးကို ခံယူကာ ဗုဒ္ဓဘာသာအဖြစ်သို့ ခဏချင်းကူးပြောင်းလိုက်လေတော့၏။

ထိုသူနှစ်ဦးဆိုသည်မှာ အမေရိကန်လူမျိုး ဗိုလ်မှုးကြီးဟောင်း အောလ်ကော့ ( Henry S. Olcott ) နှင့် ရုရှား အမျိုးသမီးကြီး ဗလာဗတ်စကီး ( Helena Petrovna Blavastky ) တို့ပင်ဖြစ်ကြသည်။ အောလ်ကော့နှင့် ဗလာဗတ်စကီးတို့ နှစ်ဦးမှာ ပင်ကိုယ်အားဖြင့် ထူးခြားသူများဖြစ်၍၊ အောလ်ကော့မှာ “ အာရှအလင်းရောင် ” ဆိုသော ဗုဒ္ဓဝင်ကဗျာရှည်ကြီးဖတ်ပြီးသည့်နောက်၌ ဗုဒ္ဓဘာသာကို အထူးပင် စိတ်ဝင်စားလာသူဖြစ်သည်။ ထက်မြက်သောဉာဏ်ရည်၊ စူးရှသောအတွေး၊ ခိုင်မာသောစိတ်ဓာတ်တို့ ရှိနေသူ အောလ်ကော့ တစ်ယောက် ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာခြင်းသည် ဗုဒ္ဓဘာသာအတွက် ကြီးမားသော အထောက်အပံ့တစ်ခုဖြစ်လာခဲလေ၏။ အောလ်ကော့ နည်းတူ ရုရှားအမျိုးသမီး ဗလာဗတ်စကီးမှာလည်း ဗုဒ္ဓဘာသာအတွက် ကြီးမားသော အကျိုးကိုပြုမည့်သူဖြစ်သည့် အားလျော်စွာ ထူးခြားသော ပါရမီတို့ ကိန်းဝတ်နေသူဖြစ်လေသည်။ မွေးရာပါ စိတ်ညှို့ပညာရှင် တစ်ဦးဖြစ်ပြီး၊ မှော်အတတ်တို့၌ တစ်ဘက်ကမ်းခတ်တတ်မြောက်သူဟု ထင်ရှား ကျော်ကြားသူဖြစ်လေ၏။

ထိုသူနှစ်ဦးတို့ သီဟိုဠ်ကျွန်းသို့ရောက်လာစဉ်အချိန်အခါက သီဟိုဠ်ကျွန်းတွင် အင်္ဂလိပ်တို့ အုပ်စိုးသောအချိန်အခါဖြစ်၍ ဗုဒ္ဓဘာသာအရောင်အဝါ ညှိုးနွမ်းနေသော အချိန်အခါလည်းဖြစ်လေသည်။ ဤသို့ တိုင်းတပါးသား လူမျိုးခြားနှစ်ဦးတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားသည့်အတွက် သီဟိုဠ်ကျွန်းတွင် ဟိုးလေးတကျော်ကျော်ဖြစ်ကာအင်းအားယုတ်လျော့စပြုလာသောဗုဒ္ဓဘာသာသည်ခေါင်းပြန်လည်မော့လာခဲ့၏။

အောလ်ကော့သည် သီဟိုဠ်သား အနာဂါရိကဓမ္မပါလကိုအဖေါ်ပြု၍ သီဟိုဠ်ကျွန်းအနှံ့ ကားတစ်စီးဖြင့်လှည့်ကာ တရားဟောပြောခြင်း၊ သာသနာပြုခြင်းများကို အားသွန်ခွန်စိုက် ပြုလုပ်ခဲ့ကြ၏။ အဟောအပြောကောင်းသူ အောလ်ကော့၏ နည်းနာနိဿယများသည် အနာဂါရိကဓမ္မပါလသို့ ကူးစက်ကာ နောက်ပိုင်းတွင် အနာဂါရိကဓမ္မပါလသည် သာသနာပြုပုဂ္ဂိုလ်တစ်ဦးဖြစ်သွားသည့်အပြင် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာကို ဟိန္ဒူဘာသာဝင်တို့၏ လက်အတွင်းမှ ဗုဒ္ဓဘာသာဝင်တို့၏ လက်အတွင်းသို့ အရောက်ထည့်ပေးနိုင်ခြင်းက သက်သေပြခဲ့လေသည်။








Henry S। Olcott / Helena P. Blavatsky / အနာဂါရိကဓမ္မပါလ 
 

ထို့အပြင် အောလ်ကော့သည် သီဟိုဠ်ကျွန်း၌ နေထိုင်စဉ် ဗုဒ္ဓဘာသာအတွက် အထိန်းအမှတ်တစ်ခုကို ဆောင်ရွက်သွားခဲ့၏။ ယနေ့ ဗုဒ္ဓဘာသာတွင် တည်ရှိနေသော သာသနာ့အလံတော်သည် အောလ်ကော့၏ စိတ်ကူးဉာဏ်မှ ထွက်ပေါ်လာသော အကြံဖြစ်၍ အတော်ပင် လေးစားထိုက်သော အကြံအစည် တစ်ခုဖြစ်ခဲ့လေသည်။ သာသနာ့အလံတော်ကို သတ်မှတ်ရာ၌ ဗုဒ္ဓတွင် ရောင်ခြည်တော်ခြောက်ပါးရှိသည့်အတွက် ရောင်ခြည်တော် ခြောက်ပါးကို ( အညိုရောင်၊ ရွှေရောင်၊ အနီရောင်၊ အဖြူရောင်၊ ညိုမောင်းသောအရောင်၊ ပြိုးပြက်သောအရောင် ) ကိုယ်စားပြုကာ သာသနာ့အလံတော်အဖြစ် လုပ်ဆောင်ခဲ့၏။





သီရိလင်္ကာရှိ ဗုဒ္ဓသာသနာ့အလံတော်


သီဟိုဠ်ကျွန်းသားတို့ သာသနာ့အလံတော်ကို မြတ်နိုးကြပုံမှာ သြချယူရလောက်အောင်ပါပင်။ ကျွန်တော်တို့ မြန်မာနိုင်ငံ၌ သာသနာ့အလံတော်ကို ဘာသာရေးပွဲများရှိသောအခါများ၊ ဘုန်းတော်ကြီးကျောင်းများ စသည်တို့၌သာ လွှင့်ထူကြသည်ကို မြင်နိုင်ပါသည်။ သီဟိုဠ်ကျွန်း၌မူ ထိုသို့မဟုတ်ချေ ယနေ့မျက်မှောက် သီဟိုဠ်ကျွန်းအနှံ့တွင် နေရာတိုင်းလိုလို၊ လမ်းဒေါင့်တိုင်းလိုလို၊ အိမ်တိုင်းလိုလို သာသနာ့အလံတော်ကို လွှင့်ထူထားကြသည်ကို တွေ့နိုင်ပါလိမ့်မည်။ မည့်သည့် ဘာသာရေးပွဲမှ မရှိစေကာမူ မြတ်နိုးသော စိတ်ဖြင့် လွှင့်ထူထားကြခြင်းပင် ဖြစ်သည်။ အိမ်များတွင် သာသနာ့အလံကို လွှင့်ထူရာ၌ ရိုးရိုးအနေအထားအတိုင်း လွှင့်ထူသော်လည်း၊ လမ်းမများ၊ စေတီ၊ ကျောင်းကန်ဘုရားများတွင်မူ ပုံသဏ္ဍာန်အမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးဖြင့် လွှင့်ထူထားတတ်ကြသည်များ ရှိ၏။

လုံးဝန်းဝန်းရှိသော စေတီများ၌ ပတ်ချာလှည့်၍ သာသနာ့အလံတော်ကို သင်္ကန်းသဖွင့် လွှမ်းခြုံထားတတ်၏။ လမ်းမများပေါ်၌ ကြော်ငြာဆိုင်းဘုတ်သဖွယ်လုပ်၍လွှင်ထူခြင်းများ၊ ဘုန်းတော်ကြီးကျောင်း နံရံများတွင် ကန့်လန့်ကာသဘော လွှင့်ထူခြင်းများရှိတတ်သည်ကိုလည်း တွေ့ရပါလိမ့်မည်။ ထိုသို့ သာသနာ့အလံတော်ကို အမြတ်တနိုးထား၍ လွှင်ထူခြင်းကို လေ့လာကြည့်ရလျှင် ... သူတို့ သီဟိုဠ်ကျွန်းမှ အစပျိုးခဲ့သော အလံတော်ဖြစ်သောကြောင့်ဟုတွေးစရာရှိတစ်ခုရှိသော်လည်း၊ ထေရဝါဒ ဗုဒ္ဓသာသနာကို အဓိကဦးဆောင်နေသော နေရာဒေသအဖြစ် ဂုဏ်ယူသောသဘောလည်း သက်ဝင်ပေသည်။






အရှင်မေဓာနန္ဒ (သီရိလင်္ကာ)
မှ စုစည်းတင်ပြသည်။
Source: http://www.lankamsma.org


0 comments:

Post a Comment

သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား