ထင်မြင်ချက်ပေးခဲ့ပါ

Thursday, March 24, 2011

အိမ်တွင်းသာသနာ ပြုကြပါစို့

ဆရာကောင်းကို မှီဝဲဆည်းကပ်၍ ဗုဒ္ဓစာပေများကို နှစ်နှစ်ခန့်လေ့လာပြီးအချိန်လောက်တွင် ရင်တွင်း၌ဖြစ်လာသော သဒ္ဓါတရား၏ နှိုးဆော်မှုကြောင့် သာသနာပြုလုပ်ငန်းကို တတ်နိုင်သမျှ အစွမ်းကုန်ဆောင်ရွက်ရန် စိတ်သဏ္ဍာန်၌ ဖြစ်ပေါ်လာခဲ့သည်။ သို့နှင့် ဆရာတော်ဘုရားထံ လျှောက်ထားကြည့်တော့ ဆရာတော်ဘုရားမှ ဤသို့မိန့်ကြားခဲ့လေသည်။
သာသနာပြုခြင်းဆိုတာ မြတ်စွာဘုရား၏ အဆုံးအမတို့ကို လူတိုင်းလူတိုင်း လိုက်နာကျင့်ကြံလာစေရန် ဆောင်ရွက် ပေးခြင်းဖြစ်တယ်။ ထိုသို့ သာသနာပြုရာတွင် သာသနာပြုပုံစံ အမျိုးမျိုးပြုလုပ်ကြတယ်။ ဟောပြောခြင်း၊ ရေးသားခြင်း၊ သင်ကြားပြသခြင်း စသည်ဖြင့် မိမိတို့အားသန်ရာ လုပ်ကြည်သည်ကို နေရာမျိုးစုံမှာ တွေ့ရတတ်တယ်။ သာသနာပြုတော့ မယ်ဆိုရင် မိမိကိုယ်တိုင် စိတ်ကြိုဖူစင်အောင်ထားတတ်ဖို့လိုတယ်။ မကောင်းမှု အကုသိုလ်ကိုရှောင်ရမယ်။ ဒါမှ မိမိစိတ်ကို ဖြူစင်အောင်ထားနိုင်မယ်။ မေတ္တာစေတနာ ကောင်းထားနိုင်တဲ့ သူတော်ကောင်းစိတ်ရှိရမယ်။ မေတ္တာစေတနာထားခြင်း ဟာ သာသနာပြုသူအတွက် ပဓာနကျသော အရင်းစိတ်ဖြစ်တယ်။ သို့မှ သတ္တ၀ါများအပေါ် မေတ္တာစိတ်နဲ့ အယူအမြင် အားမှ ကင်းဝေးအောင် စွမ်းဆောင်ပေးနိုင်မယ်။ အဲလိုဆိုတော့ ဒကာလေးရယ် သာသနာပြုတော့မယ်ဆိုရင် မိမိစိတ်ကို မေတ္တာလွှမ်းခြုံအောင် အလျင်ဦးစွာ ပြုလုပ်မှ သဘာဝကျပေတော့မပေါ့။
ဆရာတော်မိန့်ကြားနေစဉ်မှာပင် သြော် ငါသတ္တ၀ါတိုင်း မေတ္တာထားနိုင်အောင် အရင်ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် စိတ်သဏ္ဍာန်လေး လျှပ်တပျက်ချလိုက်မိပါသည်။ မေတ္တာစိတ် ပိုင်ဆိုင်ရန်အတွက် စွမ်းဆောင်ခြင်းဟာလည်း ဗြဟ္မာစိုရ် တရားလက်ကိုင်ထားပြီး အားထုတ်ခြင်းတစ်မျိုးလည်း မဟုတ်ပါပေလော။ ဆက်၍ ဆရာတော်သည် ဘုရားရှင်လက်ထက် ဓမ္မိကရဟန်းဝတ္ထုကို ဟောကြားတောမူခဲ့သည်။ ဓမ္မိကရဟန်းသည် မယားနှင့် သားကို ပြောပြ၍ သာသနာဘောင်အတွင်း ၀င်ရောက်၍ ကိုယ်ကိုတိုင် ရဟန်းကိစ္စပြီးမြောက်မှ သားနှင့် မယားအား တရားရအောင် သာသနာပြုသော ၀တ္ထုဖြစ်ပါ သည်။ ဓမ္မိကမထေရ်အကြောင်းနှင့် ပတ်သက်၍ အောက်ပါတရားကို မြတ်စွာဘုရားရှင်မှ ဟောကြားတော်မူလေသည်။
=ပညာရှိမည်သည် မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ မကောင်းမှုကို မပြုတော့ပေ။ 
=မကောင်းမှုဖြင့်သားသမီးကိုလည်းကောင်း၊ဥစ္စာကိုလည်းကောင်း၊တိုင်းပြည်ကိုလည်းကောင်းအလိုမရှိရာ။ =မတရားမှုပြု၍ မိမိ၏ ပြည့်စုံကြွယ်ဝမှုကိုလည်း အလိုမရှိရာ။
    ဤသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူဖြစ်၏။
    လူသည် မိမိကိုယ်မိမိ အချစ်ဆုံးဖြစ်တော့ မိမိကောင်းစားဖို့၊ စီးပွားဥစ္စာ ပြည့်စုံရန် ရှာဖွေကြနေကြတယ်။ (မိမိလို့ ဆိုလိုက်တော့ မိသားစုလည်းပါဝင်နေပြီဆိုတာ ကျွန်တော်ကောင်းစွာ သဘောက်ပေါက်ခဲ့ပါသည်)။ ပုထုဇဉ်ဆိုတာက တဏှာအခြေခံတဲ့ မာနနဲ့ အတ္တသည် မလွဲမသွေ ပါဝင်တော့တာပေါ့ ဒကာလေး။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ အကျိုးအမြတ်ကို ရှေ့တန်းတော့တယ်။ အမှားအမှန် မဝေခွဲနိုင်တော့ဘူး။ အထင်အမြင်လွဲမှားသည်နှင့် မတရားမှုမှန်း မသိတော့ဘူး။ လက်ရှိအနေအထားမှာတော့ လူမှုဆက်ဆံရေးမှာ အောင်မြင်နေတာပေါ့။ သာယာစိုပြေနေတာပေါ့။ လောကသဘာဝအရ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံကြွယ်ဝမှုသည် ဘ၀အတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက် သာယာမှုကို အထိုက်အလျောက် ပေးစွမ်းနိုင်တာတော့ မှန်ပေမယ့် ဒီလိုမျိုးဆိုတာ တရားသဖြင့်ရသော ပြည့်စုံကြွယ်ဝမှု မျိုးပဲဖြစ်သင့်တယ်။ မတရားသဖြင့်ဆိုရင်တော့ ဒီငြိမ်းချမ်းသာယာမှုဆိုတာလည်း တာရှည်ခံမှာမဟုတ်ဘူး ဒကာလေးရေ။ တရားသဖြင့် ပြုရမည်ဆိုကတည်းက ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပါဝင်လာပြီပေါ့။ တစ်နည်းအားဖြင့် သီလပေါ့ကွာ။ သီလကို အခြေခံအုတ်မြစ်သဖွယ် အခိုင်အခံ့တည်ဆောက်သော ပြည့်စုံကြွယ်ဝမှုသာလျှင် လောကကိုအလှဆင်နိုင်မယ်။ ငြိမ်းချမ်းသာယမှုကို ပေးစွမ်းနိုင်မယ်။ ကြာရှည်တည်တံ့ခိုင်မြဲတော့မပေါ့။ ကျွန်တော်စိတ်ထဲမှာတော့ အတော်ပင်နားလည် ရှင်းလင်းသွားခဲ့ရပါသည်။
    ဆရာတော်။ ။ ဆရာတော်ပြောတာ နားလည်လား ဒကာလေး။
    ကျွန်တော်။ ။ တင်ပါ့ဘုရား။ တပည့်တော်ကိုယ်တိုင် တရားတော်များနာကြား၊ တရားဓမ္မစာပေတွေလေ့လာ၊ ကိုယ်တိုင်ကျင့်ကြံပြီး တရားရအောင် အားထုတ်ရမယ်ဆိုတာရယ်၊ သတ္တာဝါတွေအပေါ် မေတ္တာစေတနာ ထားနိုင်အောင်ရယ်၊ သီလကိုလည်း ၀ါရိတ္တသီလကနေ စာရိတ္တဖြစ်အောင် ကြိုးစားဖို့ရယ်ဆိုတာ အဓိကထား အရင်ဖြည့် ဆည်းရမယ်ဆိုတာ တပည့်တော်နားလည်ပါတယ်ဘုရား။ ဒီလိုဖြည့်ကျင့်ရင်းကနေ တပည့်တော်မိသားစုအတွင်းမှစ သာသနာပြုပြီး မိသားစုကနေ နိုင်ငံတော်အထိ အဆင့်ဆင့်သာသနာပြုသွားပါ့မယ်ဘုရား။
    သို့နှင့် ဆရာတော်အား ရှိခိုးကန်တော့၍ သီလတရားမှစ၍ ဖြည့်ကျင့်ရင်း နှစ်အတန်ငယ်ကြာ လေ့လာဆည်းပူးမိခဲ့ပါသည်။ မိခင်၏ အယူလွဲနေမှုအကြောင်း အစ်မကြီးမှပြောပြ၍ မိမိစိတ်ထဲတွင် အိမ်တွင်းသာသနာပြုစတင်ရန် စိတ်ဆုံးဖြတ်လျှက် မိခင်ထံပြန်လာခဲ့ပါသည်။ လမ်းတလျှောက် မိခင်အားမေတ္တာပို့ကာ လာခဲ့သည်။ မိခင်၏ အယူလွဲနေမှုများကို စဉ်းစားရင်း သက်ပြင်းများပင် ချခဲ့မိပါသည်။ ရိုးရာအစဉ်အလာဟူ၍ နတ်များကိုကိုးကွယ်ကာ ဘေးဘယာကင်းအောင် လာဘ်လာဘရွှင်အောင် ဆောင်ရွက်ရ၊ လောကဓံလေးများကြုံလာတော့ ဗေဒင်ဆရာဆီပြေးကပ်ရ၊ အဆောင်အယောင်တွေ လုပ်လိုက်ရ၊ ဂါထာမန္တာန်တွေရွတ်ရ၊ အင်းအိုင်လက်ဖွဲ့တွေ သုံးလိုသုံး၊ ဘိုးတော်လိုလို ဓါတ်လိုလိုဆီလည်း သွားလိုက်သေး၊ အိမ်ဘုရားစင်နံဘေးမှာလည်း နတ်ရုပ်တွေ၊ ဘိုးဘိုးအောင်ရုပ်တွေ၊ သူရဿတီမယ်တော်ပုံတွေ၊ အစုံအလင်နဲ့ ဘုရားစင်နံရံမှာလည်း ဥုံအစချီတဲ့ လာဘ်ရွှင်ဂါထာကလည်း ရေးလိုက် ရွတ်လိုက်သေး။ အဝေးမှနေ စာရေးစဉ်ကလည်း ၀ိပဿနာတရားအားထုတ်တာကလည်း လွန်ရောတဲ့။ ဒီ ဒိဋ္ဌိတွေ တဏှာတွေ မာနတွေနဲ့ ဘယ်လိုတရားရနိုင်ပါ့ အိုမိခင်ရယ်။ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ရွှေ၊ ငါ့ငေ၊ွ တပ်မက်လိုက်သည်ကလည်း ဖြစ်ခြင်း။ ရွာဦးကျောင်း ဆရာတော်ဆီကိုမှ ဆွမ်းမှန်မှန် ပို့ပါရဲ့လား မိခင်။ ထိုသို့သော အတွေးများဖြင့် လမ်းတစ်လျှောက် လျှောက်၍လာခဲ့သည်။
    အိမ်ရောက်၍ မနားနိုင်ဘဲ ဦးဖိုးကြား၏ ၃၇မင်း နတ်သမိုင်းကို ပြောပြကာ စတင်တိုက်ပွဲဝင်ရပါတော့သည်။ နှစ်ပေါင်းများစွာ စွဲလာသော အစွဲကြောင့် ရက်အတန်ကြာ နတ်ပြုစားမှာ ကြောက်သလိုလို၊ လိုလိုများစွာဖြင့် နတ်ပွဲလေးတောင် မဖြုတ်ရဲပေ။ ကိုယ်တိုင်ဖြုတ်၍ နေ့ပေါင်းများစွာ ဗုဒ္ဓတရားတော်များကို ဟောပြောပြမှ ငါ့သားဆိုသော လူကိုခင်မင်စိတ်နှင့် တရားကိုမင်လာပါတော့တယ်။ ဒါတောင် စိတ်ကမရှင်းသေးပေ။ တစ်ဖက်မှာလည်း ၀င်လေထွက်လေကိုလည်း သမာဓိအားကောင်းအောင် နာရီပိုင်းမျှ ကိုယ်တိုင် မိခင်နှင့်အတူထိုင်က ကျင့်ကြံပေးရပါသည်။ ဘုရားစင်ကိုလည်း မိခင်အားဘေးမှထား ပြောပြရင်း ကိုယ်တိုင်ပြုပြင်ပေးရ၏။ ဘုရား၊ တရား၊ သံဃာအပေါ်၌ ကြည်ညိုတတ်ရန် တရားများဟောပြ၊ ကံကံ၏ အကျိုးများကို နားလည်အောင် အတတ်နိုင်ဆုံးပြောပြရသည်။ အလှူအတန်းပြုတော့လည်း မှားယွင်းနေသော အယူအဆများကိုလည်း တွေ့ရပြန်သည်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာမဖြစ်ရအောင်လည်း ပြောပြရခဲ့ရသည်။ နောက်ရက်မှာလည်း မိခင်မှ သူသတ်သတ်လွတ်စားတော့မယ်လို့ ကတိပြုလာပြန်တော့ တစ်ခါပြောပြရသေးသည်။ သတ်သတ်လွတ်ဆိုရာ မရှိတာရယ်၊ သတ္တ၀ါတို့သနား၍ မစားရင်သာ ကောင်းကြောင်း၊ ကျန်းမာရေးအရလိုအပ်လျှင် ပံ့သကူသားကိုစားလို့ရတာရယ် နှလုံးသွင်းတတ်အောင် ပြောပြခဲ့ရသည်။
    မိမိစိတ်ထဲမှာတော့ မိခင်ကဲ့သို့သော လူများ ကမ္ဘာပေါ်မှာ ဘယ်လောက်များလိုက်မလဲလို့ တွေးနေမိသည်။ မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင်လည်း လေးသေင်္ချနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီများကို အသက်သွေးချွေးစတေး၍ ဖြည့်ဆည်းခဲ့ခြင်းမှာ ဤသို့ သတ္တ၀ါများကို ကယ်တင်လို၍ ဖြည့်ကျင့်တော်မူလို့ ခုလိုသာသနာတွင်းတရားတွေ နာကြားနိုင် ဆည်းပူးနိုင်တာ တွေးမိတော့ ဘုရားရှင်၏ ကျေးဇူးတော်၊ ဂုဏ်တော်များကို မှန်းဆကာ အကြိမ်ကြိမ်ဦးချမိပါတော့သည်။ မိမိသည်လည်း လောကဓမ္မနှစ်ဌာန အကျိုးဖြစ်စေရန်အတွက် သာသနာပြုလုပ်ငန်းကို အိမ်တွင်းမှသည် နိုင်ငံတ၀န်းလုံး စသည်ဖြင့် အဆင့်ဆင့်တက်ကာ မိမိတို့စွမ်းနိုင်သမျှ ကြိုးပမ်းဆောင်ရွက်မည်ဟု စိတ်ဆုံးဖြတ်ချက် ချမိပါတော့သည်။ စာဖတ်သူအားလုံးလည်း အိမ်တွင်း သာသနာပြုမှသည် နိုင်ငံတော်တ၀န်းထိ သာသနာပြုနိုင်ကြပါစေ။

    Source: Forward mail မှ ကူးယူဖော်ပြပါသည်။



    1 comments:

    အရမ်းကောင်းပါတယ်ဗျာ

    Post a Comment

    သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား